မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလာတက္ကသိုလ်တွင်ကျင်းပသည့် ဈေးရောင်းပွဲတော်နှင့်ပဒေသာကပွဲသို့ တက်ရောက်အားပေး

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၉

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလာတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဈေးရောင်းပွဲတော်နှင့်ပဒေသာကပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမရပူရမြို့နယ်ရှိ အဆိုပါတက္ကသိုလ်တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ပါမောက္ခချုပ်နှင့်ဒုတိယပါမောက္ခချုပ်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် မန္တလာတက္ကသိုလ် ပါမောက္ခချုပ်တို့က ဈေးရောင်းပွဲတော်နှင့်ပဒေသာကပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဌာန၊ အသင်း၊ ဘာသာရပ်တို့မှ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေမှုကို လိုက်လံကြည့်ရှုအားပေးကြသည်။

၎င်းနောက် ဘွဲ့နှင်းခန်းမတွင် အခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောင်းသား/သူများက ရောင်စုံပန်းဖြာ မန္တလာဂုဏ်ပြုသီချင်း သီဆိုဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြိုဆိုဂုဏ်ပြု အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများတွင် စာပေ၊ အနုပညာနှင့်ပတ်သက်သည့်ပွဲများ၊ ဈေးရောင်းပွဲတော်များ၊ ပဒေသာကပွဲများ အစရှိသည့် အထိမ်းအမှတ်ပွဲတော်များကို နှစ်စဉ်ကျင်းပပေးလျက်ရှိပါကြောင်း၊ ယခုလိုကျင်းပပေးခြင်းဖြင့် အချင်းချင်း စုပေါင်းဆောင်ရွက်တတ်မှု၊ စီမံခန့်ခွဲတတ်မှု၊ စည်းလုံးညီညွတ်မှု၊ အောင်မြင်မှုများကို လက်တွေ့ဘဝကနေသင်ယူနိုင်မည်ဖြစ်ပါကြောင်း၊ စုပေါင်းဆောင်ရွက်သည့် ပွဲများတွင် ပါဝင်ဆင်နွှဲရင်း ချစ်ကြည်ရင်းနှီးမှု၊ အချင်းချင်းဝိုင်းဝန်းကူညီပံ့ပိုးပေးမှု၊ ပေါင်းသင်းဆက်ဆံမှု၊ သည်းခံမှု၊ ခေါင်းဆောင်နိုင်မှုဆိုသည့် ရလဒ်ကောင်းများရရှိလာမည်ဖြစ်ပါကြောင်း၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးဆီကို ဦးတည်သွားနေသည့်အခါ ဗလငါးတန်နှင့်ပြည့်စုံပြီး အရည်အချင်းပြည့်ဝသော နိုင်ငံ့သားကောင်းများစွာလိုအပ်ပါကြောင်း၊  အနာဂတ်၏ ခေါင်းဆောင်ကောင်းများဖြစ်လာအောင် ခေတ်နှင့်အညီ ပညာကိုဆည်းပူးရင်း အတွေးသစ်၊ အမြင်သစ်များနှင့်အတူ ရည်မှန်းချက်ပန်းတိုင်ရောက်သည်အထိ ကြိုးစားနေကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံး၊ ပန်းချီ၊ ဆောင်းပါးပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ကပြဖျော်ဖြေခဲ့သည့်အဖွဲ့အတွက် ဂုဏ်ပြုငွေများကို ပါမောက္ခချုပ်နှင့်ကျောင်းသား/ကျောင်းသူများထံသို့လည်းကောင်း ချီးမြှင့်ခဲ့ပြီး ကျောင်းသားကျောင်းသူများ၏ အနုပညာတင်ဆက်မှုများကို ကြည့်ရှုအားပေး၍ ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်