(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ပန်းတောင်းမြို့နယ် မြင်သာကျေးရွာတွင် ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲကျင်းပ

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၉

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ စင်မြင့်ကျေးရွာအုပ်စု မြင်သာကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို၊ ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာရှိ ထရန်စဖော်မာတည်ရှိရာ မုဒ်ဦးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပထမပိုင်းအခမ်းအနား အစီအစဉ်အရ တက်ရောက်လာသူများမှနေရာယူကြပြီး၊ ကျေးရွာလျှပ်စစ် မီးလင်းရေးဖွင့်ပွဲ မုဒ်ဦးကို ညောင်ဦးခရိုင်၊ လျှပ်စစ်မန်နေဂျာ ဦးကျော်မျိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းလွင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နောင်ထွန်းနီနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးစိုးပိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးက မီးခလုပ်နှိပ်၍ ကျေးရွာသို့မီးစတင် ပို့လွှတ်ပေးပြီး၊ ခရိုင်မန်နေဂျာ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကဗျည်းဆိုင်းဘုတ်အား အမွှေးနံ့သာရည်များပက်ဖြန်းပေးကြပြီး၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ကျေးရွာအတွင်းလျှပ်စစ်မီးသုံးစွဲနေမှုအားလိုက်လံကြည့်ရှုအားပေးကြသည်။

ယင်းနောက် အခမ်းအနားဒုတိယပိုင်းကို ယာယီမဏ္ဍပ်တွင် ဆက်လက်ကျင်းပရာ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်လျှပ်စစ်မန်နေဂျာက လျှပ်စစ်မီးကို လိုအပ်သလောက်သာ အကျိုးရှိစွာ စနစ်တကျသုံးစွဲကြရန်နှင့် လျှပ်စစ်မှမီးလောင်ခြင်း၊ ဓာတ်လိုက်ခြင်း အန္တရာယ်ကင်းဝေးစေရန် ဆောင်ရန်/ရှောင်ရန်တို့ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်လျှပ်စစ်မန်နေဂျာ ဒေါ်ကလျာမေအံ့နှင့် ဒုတိယမြို့နယ်မန်နေဂျာ ဦးကျော်မိုးတို့က အထိမ်းအမှတ်အလံများကို ပေးအပ်ရာ၊ ခရိုင်မန်နေဂျာနှင့် မြို့နယ်တာဝန်ရှိသူများက လက်ခံရယူကြပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။ မြင်သာကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေ ကျပ် (၁၈၂.၅)သန်းဖြင့် ၀.၄ ကေဗွီဓာတ်အားလိုင်း (၁၁၄၉၆)ပေ တည်ဆောက်ခြင်း၊ ၁၁ကေဗွီ ဓာတ်အားလိုင်း(၃.၄)မိုင် တည်ဆောက်ခြင်းနှင့် ၁၁/၀.၄ ကေဗွီ(၂၀၀)ကေဗွီအေ ထရန်စဖော်မာတည်ဆောက်ခြင်းလုပ်ငန်းများကို၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ကြီးကြပ်မှုဖြင့် ၂၀၂၃-ခုနှစ်၊ နိုဝင်ဘာလတွင်  လုပ်ငန်းစတင်ဆောင်ရွက်ပြီး၊ ၂၀၂၄ ခုနှစ်ဇန်နဝါရီလတွင်  လုပ်ငန်းပြီးစီးခဲ့ရာ အဆိုပါကျေးရွာရှိ အိမ်ခြေ ၂၄၀ မှ လူဦးရေ ၁၆၉၅ ဦး တို့မှာ နိုင်ငံတော်ဓာတ်အားလိုင်းမှ လျှပ်စစ်မီးအလင်းရောင်ရရှိပြီး၊ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလင်းရေးဖွင့်ပွဲအခမ်းအနားသို့ ခရိုင်လျှပ်စစ်မန်နေဂျာ ဦးကျော်မျိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျေးရွာမီးလင်းရေးကော်မတီဝင်များနှင့် ကျေးရွာပြည်သူများ စုစုပေါင်း (၅၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)