ရန်ကုန် ဖေဖော်ဝါရီ ၈
မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း၊ ရန်ကုန်တိုင်းဒေသကြီးက ကြီးမှူးပြုလုပ်သည့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
ဦးစွာမြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွှန့်ဆွေက မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း၏ လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ဦးဆန်းဝင်းက ရန်ကုန်တိုင်းစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ စဉ်ဆက်မပြတ်လုပ်ငန်းဆောင်ရွက်နေမှုများ၊ ခေတ်နှင့်အညီ စာကြည့်တိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေမှုအခြေအနေနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း၊ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဦး (ဟိန်းလတ်) က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပမည့်အခြေအနေများကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း၊ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးနွဲ့မြင့်သိန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များ၏ ရှေးဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ စာအုပ်လှူဒါန်းမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်စာကြည့်တိုက်များသို့ စာအုပ်များ ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာစာကြည့်တိုက်တာဝန်ခံများက လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်ကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ကျင်းပပြုလုပ်သော စာဖတ်ရှိန်မြှင့်တင်ခြင်းနှင့် စာတမ်းဖတ်ပွဲများကို စာတမ်းရှင် (၃) ဦးက ဖတ်ကြားပြီး ဆုရစာတမ်းရှင်များကို မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)