ရပ်ကွက်များအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

အမရပူရ ဖေဖော်ဝါရီ ၉

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အမရပူရမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်မျိုးထက် ဒုတိယမီးသတ်ဦးစီးမှူးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်း၍ စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းများကို ​မြစ်ငယ်၊ အောင်သပြေရပ်ကွက်အတွင်း ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးလောင်ဖြစ်ပွားမှုများလျော့နည်းစေရေးတွက် ကြိုတင်တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ လှေကားများ ဆောင်ရွက်ထားရှိခြင်း၊ မီးသတ်ဆေးဗူးများ အလွယ်တကူအသုံးပြုနိုင်ရန် တပ်ဆင်ထားခြင်း ရှိ၊ မရှိ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေးခြင်းနှင့် အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ရပ်ကွက်အတွင်းရှိ စားသောက်ကုန်လုပ်ငန်းများ၊ စက်ရုံများတွင် မီးအသုံးပြုမှုနှင့် လျှပ်စစ်မီးကြိုးသွယ်တန်းအသုံးပြုမှု စနစ်တကျရှိရေး၊ မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများထားရှိမှု၊ အရေးပေါ်အခြေအနေများတွင် မီးငြှိမ်းသတ်ယာဉ်များ အလွယ်တကူဝင်ရောက်နိုင်ရန် ဝင်ပေါက်၊ ထွက်ပေါက်များ စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

အလားတူမီးဘေးကြိုတင်ကာကွယ်ရေး နေ့စဥ် ၄ နာရီအချိန်မှစတင်၍ အမရပူရမြို့နယ်အတွင်း မီးလောင်မှုနှင့်မီးလန့်မှုများမဖြစ်ပွားစေရေး၊ မီးလောင်မှု မီးလန့်မှုများဖြစ်ပွားလာပါက ရပ်ကွက်အတွင်းရှိ လမ်းများအား အလွယ်တကူ ဝင်/ထွက် သွားလာနိုင်စေရေးအတွက် စစ်ဆေးခြင်းနှင့် မီးသတ်ယာဥ်ဖြင့် မြို့ပေါ်ရပ်ကွက်အတွင်း မီးသတိမူရေးအတွက် သတိပေးဆော်သြခြင်းအား အမရပူရမြို့နယ် မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးထက်ဝေဦး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၄) ဦးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးသီဟ(အမရ)