သပိတ်ကျင်း ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာစမ်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့၏ ဦးတည်ချက်များ၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်လာရေးအကြောင်းအရာများ၊ မျိုးဆက်သစ်လူငယ်များအနေဖြင့် နိုင်ငံတော်၏နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအောက်မေ့ အမှတ်ရစေရန်ရည်ရွယ်၍ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက “(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်” ထုတ်ဝေထားသည့် "သတင်းစကား" လက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)