တာမွေမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ‌‌ဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကျင်းပ

တာမွေ ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်‌‌ဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများနှင့် ပတ်သက်၍ ကျောင်းသား/ သူလေးများအား ရှင်းလင်းဟောပြောခဲ့ပြီး (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဉာဏ်စမ်းပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ သူလေးများ အားပါးတရ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိကြသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ထူးချွန်ဆုရရှိသူများကိုယ်စား ဆုရရှိသူ ကျောင်းသူလေးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား/ သူလေးများနှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ပြသထားသော (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ/ ရသစာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/ သူလေးများအား (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေပြီး ပြည်ထောင်စုကြီး ထာဝစဉ်တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်ရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ အပြည့်အဝရရှိစေရန်အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူ အတူတကွလက်တွဲကြိုးပမ်းဆောင်ရွက်ရေး၊ တိုင်းရင်းသားပြည်သူအားလုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့် MSME အခန်းကဏ္ဍတိုးမြှင့်တင်ဆောင်ရွက်ရေး၊ နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် တိုင်းရင်းသား ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ပေါ်လာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေး တိုင်းရင်းသားအားလုံး ဝိုင်းဝန်းဆောင်ရွက်ရေး စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင် (ပြန်/ဆက်)