မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အတွင်းသို့ အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မော်လမြိုင် ဖေဖော်ဝါရီ ၉

မွန်ပြည်နယ်အတွင်းသို့ အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်းသို့ ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချနိုင်ရန်အတွက် တက်ရောက်လာသည့် ကုမ္ပဏီ(၇)ခုကို နိုင်ငံတော်မှ နိုင်ငံခြားငွေတောင်းခံခြင်းမပြုဘဲ တစ်လပျှမ်းမျှ စက်သုံးဆီလိုအပ်ချက် စုစုပေါင်း ၄၀,၀၀၀ မက်ထရစ်တန်ကို တင်သွင်းသိုလှောင်ဖြန့်ဖြူး ပေးနိုင်ရေးတာဝန်ပေးအပ်သွားမှာဖြစ်ပြီး တာဝန်ပေးအပ်ခြင်းခံရသည့် ကုမ္ပဏီများအနေဖြင့် စက်သုံးဆီများကို ပြည်ပမှ မှာယူနိုင်မည့်အခြေအနေ၊ တင်သွင်းရောက်ရှိလာသည့် စက်သုံးဆီများကို သိုလှောင်ထားရှိနိုင်မည့်အခြေအနေ၊ ပြန်လည်ဖြန့်ဖြူးရောင်းချပေးနိုင်မည့် အခြေအနေနှင့်ဆောင်ရွက်မည့် အစီအမံများ၊ Shipment Plan စီစဉ်ရေးဆွဲထားရှိမှုများကို ဆွေးနွေးတင်ပြကြစေလိုကြောင်း၊ကုမ္ပဏီများမှ ဆွေးနွေးတင်ပြသည့် တင်သွင်းသိုလှောင်ဖြန့်ဖြူးမည့် အစီအမံနှင့် Shipment Plane ရေးဆွဲထားရှိမှုများအပေါ်မှာ သက်ဆိုင်ရာဌာနများမှ လိုအပ်သည်များကိုဆွေးနွေး တင်ပြပေး‌စေလို‌ကြောင်း၊ တင်သွင်းလာမည့် စက်သုံးဆီများကိုလည်း ထိုက်သင့်သည့် ဈေးနှုန်းများဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချပေးနိုင်ရေး လက်လီ/လက်ကားဈေးနှုန်းတွက်ချက်သတ်မှတ်မှုပုံစံများကို ရေးဆွဲဆောင်ရွက်သွားရမှာဖြစ်ပြီး  မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်(၁၆၄)ဆိုင်မှ ယခင်ဖြန့်ဖြူးရောင်းချခဲ့မှု အခြေအနေများအရ စက်သုံးဆီ(၁)ရက်လိုအပ်ချက်၊ စက်သုံးဆီမှာယူမှု၊ သိုလှောင်မှု၊ ဖြန့်ဖြူးမှု၊ လက်ကျန်အခြေအနေတို့ကို နေ့စဉ်စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်၊ စက်သုံးဆီပြတ်လပ်မှုမဖြစ်ပေါ်စေရေးနှင့် မွန်ပြည်နယ်အတွင်း အသုံးပြုမည့် စက်သုံးဆီများကို အဆင်ပြေချောမွေ့စွာ တင်သွင်းဆောင်ရွက်သွားနိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်နှင့် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချနိုင်ရေး တာဝန်ယူဆောင်ရွက်မည့် ကုမ္ပဏီများမှ ဆွေးနွေးပေးကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးသန်းထွေးက စက်သုံဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာသော လုပ်ငန်းရှင်ကုမ္ပဏီများက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး မွန်ပြည်နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ အကြုံပြုဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာအစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)