ကျောက်ဆည်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည် ဖေဖော်ဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့တို့ပူးပေါင်း၍ ပြည်သူများသဘာဝဘေးအန္တရာယ် ကာကွယ်ရေးအကြောင်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ယမန်နေ့မွန်းလွဲ(၁)နာရီက သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက မုန်တိုင်းဖြစ်ပွားပါက အရောင်အညွှန်းနှင့်လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ မုန်တိုင်းသတိပေးချက်များရရှိပါက ကြိုတင်ပြင်ဆင်လိုက်နာဆောင်ရွက်ထားရမည့် အချက်များနှင့် အရေးပေါ်သုံးပစ္စည်းများအကြောင်း၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် လိုက်နာရမည့်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ ပြုလုပ်ရမည့်အချက်များနှင့် မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းက ငလျင်ဘေးကြုံတွေ့ပါက ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင်လှုပ်နေစဉ်လိုက်နာရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ စသည့်သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်များနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးနံရံကပ် စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သက်မောင်၊ကျောက်ဆည်