မော်လမြိုင် ဖေဖော်ဝါရီ ၉
နည်းပညာတက္ကသိုလ် (မော်လမြိုင်) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဖွင့်လှစ်သည့် ပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိသည့် ကျောင်းသား/ကျောင်းသူများအား ကြိုဆိုသည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နည်းပညာတက္ကသိုလ် (မော်လမြိုင်) ကို ၁၅-၁၂-၁၉၈၂ ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး (၁၂-၈-၁၉၉၉) ရက်နေ့တွင် အစိုးရနည်းပညာ ကောလိပ်အဖြစ်လည်းကောင်း၊ (၂၀-၁-၂၀၀၇) ရက်နေ့တွင် နည်းပညာတက္ကသိုလ်အဆင့်သို့လည်းကောင်း တိုးမြှင့်ဖွင့်လှစ်ခဲ့ပါကြောင်း၊ နည်းပညာ တက္ကသိုလ် (မော်လမြိုင်) တွင် သင်တန်းကာလ (၆) နှစ်ဖြင့် မြို့ပြအင်ဂျင်နီယာ သင်တန်း၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာသင်တန်း၊ စက်မှုအင်ဂျင်နီယာ သင်တန်းနှင့် သုတနည်းပညာ အင်ဂျင်နီယာသင်တန်းတို့ကို ဖွင့်လှစ်သင်ကြားလျက်ရှိပါကြောင်း၊ ကမ္ဘာ့လူ့အဖွဲ့အစည်းသည် အသိပညာလူ့အဖွဲ့အစည်း (Knowledge Society) အဖြစ်သို့ လျင်မြန်စွာပြောင်းလဲသွားခဲ့ပြီး ဖြစ်တာကြောင့် အသိပညာ၊ အတတ်ပညာတို့ကို ကြိုးစားရှာဖွေသင်ယူ နိုင်မှသာ လူ့အဖွဲ့အစည်းထဲတွင် အောင်မြင်သူတွေ ဖြစ်လာနိုင်မှာ ဖြစ်ပါကြောင်း မိမိရည်မှန်းချက်ကို ပျက်ပြားစေမယ့်အနှောင့်အယှက်၊ အဟန့်အတားများကို ရင်ဆိုင်ကျော်လွှားပြီး ရည်မှန်းထားတဲ့ ပညာရပ်နယ်ပယ်ကို ပေါက်မြောက်အောင်မြင်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း၊ ဆရာ၊ ဆရာမများကို မှာကြားလိုသည်မှာ သတင်းအချက်အလက်ကြွယ်ဝပြီး၊ စဉ်ဆက်မပြတ် ပြောင်းလဲသော ပတ်ဝန်းကျင်တွင် ကျောင်းသား/သူ များကို ထိထိရောက်ရောက် သင်ကြားပေးနိုင်ရန် သင်ရိုးညွှန်းတမ်းနှင့် သင်ကြား/သင်ယူမှု လုပ်ငန်းစဉ်ကို မည်သို့ အသွင်ပြောင်းရမည်ဆိုသည့်အချက်သည် ပညာရေးစနစ်အတွက် အရေးကြီးပါကြောင်း၊ ပညာသင်ကြားရေးတွင် စာသင်ကျောင်းသည် စာပေသင်ကြားပေးသည့်နေရာ သက်သက်သာ မဟုတ်ဘဲ ပညာရေး၏အနှစ်သာရဖြစ်သည့် အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတများ ပေးအပ်ခြင်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ အမှားအမှန်ခွဲခြား သုံးသပ်နိုင်စွမ်းနှင့် နိုင်ငံသားကျင့်ဝတ်၊ လူမှုကျင့်ဝတ်များကို သင်ကြားပေးနိုင်ရန် အားထုတ်ကြိုးပမ်းဖို့ လိုအပ်ကြောင်းကျောင်းသား၊ ကျောင်းသူ များအားလုံး ကျန်းမာရေးကိုလေ့လာလိုက်စားပြီး မိမိကိုယ်ကိုကျန်းမာအောင် နေထိုင်ကျင့်ကြံကြပါ မိမိအသက်မွေးမှုအတတ်ပညာသာမက အင်္ဂလိပ်စာနဲ့ အခြားဘာသာစာပေနှင့် ဗဟုသုတစာပေများကိုလည်း လေ့လာဆည်းပူးကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက်မော်လမြိုင်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းဇော်အောင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ကျောင်းသား/သူများက “စုပေါင်းညီညာ တိုင်းရင်းသားအကအလှ” “မွန်အချင်းချင်းဖေးမကြစို့” “ဟိန္ဒူရိုးရာတုတ်ရိုက်အက” များဖြင့် ဖျော်ဖြေတင်ဆက်ကပြနေမှုများကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးတို့က သင်တန်းအသီးသီးတွင် ပထမအဆင့်ဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူများအား ပညာရည်ထူးချွန်ဆုများချီးမြှင့်ခဲ့ကာ နည်းပညာတက္ကသိုလ် (မော်လမြိုင်) အတွက် အားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ် (၁၀) သိန်းအား ပြည်နယ်ဝန်ကြီးချုပ်ကပေးအပ်ရာ နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ကလက်ခံရယူ၍ တက်ရောက်လာသော ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ပြီး ကျောင်းဝင်းအတွင်း ကျောင်းသား၊ ကျောင်းသူများက မေဂျာအလိုက် စျေးရောင်းပွဲတော် ပြုလုပ်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စည်သူ (ပြန်/ဆက်)