မိုင်းဖြတ် ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အနေဖြင့် လစဉ်စာဖတ်ဝိုင်းများကို ကျင်းပလျက်ရှိရာ ယမန်နေ့ နံနက်၁၀နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်က စာဖတ်ဝိုင်းကျင်းပရခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများကို စာဖတ်ဝိုင်းသို့ ဖိတ်ခေါ်ရခြင်း၏ ရည်ရွယ်ချက်များရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာ အောင်သင်း၏ စာရိတ္တမာနစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ရာ ဦးစီးအရာရှိဒေါ်အေးဝင်းခိုင်က စာရိတ္တမာနခေါင်းစဥ်ဖြင့်ဖတ်ကြားခဲ့သည်။
ယင်းနောက် စာပေချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးမျိုးတင့်က ရိုးဖြောင့်မှုအရင်းအနှီးခေါင်းစဥ်ဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူများအသင်း အတွင်းရေးမှူး ဦးအောင်မြတ်မိုးက ကျောင်းတော်အင်္ဂါခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြသည်။
ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စာဖတ်ဝိုင်းမှရရှိသည့် ဗဟုသုတများ၊ စာဖတ်ခြင်းဖြင့် ရရှိခဲ့ကြသည့် အကျိုးကျေးဇူးများကို ပြန်လည်ပြောကြားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)