တာလေမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

တာလေ ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ပုံပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရာ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ (၂၀) ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူတို့က ဂုဏ်ပြုဆုလက်ဆောင်များနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြည့်မုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများ မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များအား အစဉ်အမြဲ အမှတ်ရရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရရှိကာ စာအုပ်၊ စာစောင်များ ဖတ်ရှုလေ့လာခြင်းဖြင့် ကျောင်းစာ အပြင် ပြင်ပဗဟုသုတများတိုးပွားရရှိပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)