ကွမ်းခြံကုန်း နိုဝင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် လိုအပ်သောနေရာများ၌ အသုံးပြုရန်နှင့် ကာကွယ်ရေးသုံးပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် ကွမ်းခြံကုန်းမြို့နယ်အသင်း(ရန်ကုန်)က မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ယမန်နေ့ နံနက်ပိုင်းက အလှူငွေများသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုတွင် ကွမ်းခြံကုန်းမြို့နယ် အသင်း(ရန်ကုန်)မှ အသင်းသူ အသင်းသားများ၏ကိုယ်စား အသင်းအတွင်းရေးမှူးဦးမြင့်လွင်နှင့် အသင်း အမှုဆောင် ဦးသန်းလှိုင်တို့က မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ငွေကျပ်(၁၀)သိန်းကို လှူဒါန်းရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ အလှူငွေကျပ်(၁၀)သိန်းကိုလှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ကိုယ်စား လက်ထောက်ဆရာဝန်ဒေါက်တာလွင်ကိုကိုအောင်မှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြား ခဲ့သည်။
ထို့နောက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးနေသော ပရဟိတ လူမှုကူညီရေးအသင်းများ ဖြစ်သည့်မုဒိတာလူမှုကူညီရေးအသင်းအား ကျပ်(၁)သိန်း (၁)သောင်း၊ သဒ္ဓါဖြူလူမှုကူညီရေးအသင်းအား ကျပ်(၁)သိန်းတို့ကို လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ကွမ်းခြံကုန်းမြို့နယ် အသင်း(ရန်ကုန်)မှမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အသင်းသူ၊ အသင်းသားများ၏ စုစုပေါင်း လှူဒါန်းငွေကျပ်(၂ ၂)သိန်း(၁)သောင်းကျပ်ကို လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)