တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တောင်ဥက္ကလာပ ဖေဖော်ဝါရီ  

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက်  အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ဇန်နဝါရီ ၁၆ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

 ထိုသို့ဆောင်ရွက်ရာတွင်  ၂၀၂၄ ခုနှစ် လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အဦစာရင်း မှတ်တမ်းတင်ခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်ဥက္ကလာပမြို့နယ် ရုံးဦးစီးမှူးဦး‌အောင်ကိုဦး၏ ဦးဆောင်စီစဉ်မှုဖြင့် အဖွဲ့(၅)ဖွဲ့ခွဲ၍ တစ်ဖွဲ့လျှင်ကောက်ကွက်တစ်ကွက်သတ်မှတ်ကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နေ့စဉ်တာဝန်ကျအဖွဲ့များ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီမှစ၍ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင်  အဆောက်အဦမှတ်တမ်းတင်ခြင်းကို အဖွဲ့(၅)ဖွဲ့မှ ကွင်းဆင်းကောက်ယူကြကြောင်း သိရသည်။

အဆောက်အဦမှတ်တမ်းတင်ခြင်းကို ဇန်နဝါရီလ ၁၆ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ အဆောက်အဦတွင် လူနေ/မနေ၊ ကျား၊ မ အရေအတွက်၊ အိမ်ထောင်ဦးစီးအမည်များကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)