ကျောက်တန်း နိုဝင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များနှင့် နာမကျန်း၍ မဲရုံသို့မလာရောက်နိုင်သော မဲဆန္ဒရှင်ပြည်သူများဆန္ဒပြုနိုင်ရေး ကြိုတင်ဆန္ဒမဲများ အိမ်အရောက် လိုက်လံကောက်ယူခြင်းကို အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိရာ ရပ်ကွက်/ ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲ လာရောက်ပေးနေမှု အခြေအနေများကို ကျောက်တန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်းဝင်းနှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ကျောက်တန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်းဝင်းနှင့် အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင် ဆန္ဒမဲလာရောက်ပေးနေမှု အခြေအနေများ၊ အသက်(၆၀)နှစ် နှင့်အထက် မဲဆန္ဒရှင်များနှင့် နာမကျန်း၍ မဲရုံသို့မလာရောက်နိုင်သော မဲဆန္ဒရှင် ပြည်သူများ ဆန္ဒပြုနိုင်ရေး ကြိုတင်ဆန္ဒမဲများ အိမ်အရောက် လိုက်လံကောက်ယူရာတွင် အဆင်ပြေစေရေး၊ မှန်ကန်မှုရှိစေရေးနှင့် ကြိုတင်ဆန္ဒမဲပုံးများ လုံခြုံရေးအတွက် အထူးအလေးထား ဆောင်ရွက်ကြရန် တို့ကိုဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် မဲရုံပေါင်း (၁၉၂) ရုံရှိပြီး မဲဆန္ဒရှင်ပြည်သူပေါင်း တစ်သိန်းသုံးသောင်းကျော် နှင့် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင် တစ်သောင်း ရှစ်ထောင်ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။ အိမ်အရောက် ကြိုတင်ဆန္ဒမဲ ကောက်ယူခြင်းများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)