မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ မွန်ပြည်နယ်မသန်စွမ်းသူများအသင်း၊ အလုပ်အမှုဆောင်အဖွဲ့များနှင့်တွေ့ဆုံပွဲ အစည်းအဝေးတက်ရောက်

မော်လမြိုင် ဖေဖော်ဝါရီ ၈

မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ မွန်ပြည်နယ်မသန်စွမ်းသူများအသင်း၊ အလုပ်အမှုဆောင် အဖွဲ့များနှင့်တွေ့ဆုံပွဲအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးအောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိသူများ၊ မသန်စွမ်းကိုယ်စားလှယ်များ တက်ရောက်သည်။

ရှေးဦးစွာ အစည်းအဝေးတွင် မွန်ပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ မွန်ပြည်နယ်ကော်မတီကို (၃၁.၁.၂၀၂၃) ရက်နေ့ အမိန့်ကြော်ငြာစာအမှတ်၊ ၂၀/၂၀၂၃ ဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကအဖွဲ့ဝင်(၂၀)ဦးဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၀)မြို့နယ်တွင် မသန်စွမ်းသူများ၏အရေးကိစ္စရပ်များကိုဆောင်ရွက်နိုင်ရန် မွန်ပြည်နယ်မသန်စွမ်းသူများအသင်းကို (၁၃.၅.၂၀၁၉)ရက်နေ့၌  မွန်ပြည်နယ်မသန်စွမ်းသူများအသင်း အလုပ်အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင်(၃၀)ဦးဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအစီအစဉ်ဖြင့် မသန်စွမ်းသူများ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်း၊ ဆုရရှိသူများအား ဆုများချီးမြှင့်ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားတွင် အားကစားကဏ္ဍ၊ ဖျော်ဖြေရေးကဏ္ဍများတွင် ပါဝင်ကြတဲ့မသန်စွမ်းသူများကို မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုဆုငွေများချီးမြှင့်ခြင်း၊ မွန်ပြည်နယ်အတွင်းရှိ ဟိုတယ်များအနက် မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ခရီးသွားလာနိုင်ရေး သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်သည့် Royal Mawlamyine Hotel အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း၊ မွန်ပြည်နယ်အတွင်း မသန်စွမ်းသူ ကျား(၃၂၀၀)ဦး၊ မ(၂၄၆၃)ဦး၊ စုစုပေါင်း(၅၆၆၃)ဦးစာရင်းအားလူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၏ Data Based System သို့စနစ်တကျ စာရင်းရေးသွင်းပြီးဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အတွင်း မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နဲ့ပူးပေါင်း၍ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ ဥက္ကဋ္ဌ ဦးသိန်းဟန်သူက မသန်စွမ်းသူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရန်အတွက် ဥပဒေ၊ နည်းဥပဒေများကိုလည်းကောင်း၊ မွန်ပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီအတွင်းရေးမှူး၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ဒုတိယညွှန်ကြားရေးမှူးက မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် မသန်စွမ်းသူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသောကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက  နိုင်ငံတော်အနေဖြင့် မသန်စွမ်းသူများအတွက် ကဏ္ဍအသီးသီးတွင် လိုအပ်ချက်များ ဖြည့်ဆည်းရန် သက်ဆိုင်ရာဌာနအသီးသီးက လက်ရှိဥပဒေ၊ နည်းဥပဒေများအတိုင်းဆောင်ရွက်ပေးနိုင်ရေးတို့ကိုဆွေးနွေး တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးများက အကြုံပြုဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)