ရန်ကုန် နိုဝင်ဘာ ၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စားသောက်ရေးကိစ္စများတွင် အခက်အခဲများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ We Love Yangon (Mingalar Taung Nyunt) ပရဟိတအဖွဲ့မှ မလွှကုန်းရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများရှိရာ အိမ်ထောင်စု (၈၀) အတွက် အခြေခံစားသောက်ကုန်များအား ယမန်နေ့နံနက်ပိုင်းမှစတင်ကာ လိုက်လံလှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် We Love Yangon မှ ခွဲဝေပေးသော အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်(၁၂) ပြည်၊ ဆီ (၅၀) သား ၊ ငါးသေတ္တာ (၅) ဘူး၊ ခေါက်ဆွဲခြောက် အထုပ် (၃၀) ပါဝင်သည့် စားသောက်ကုန် Package အစုံ (၈၀) အား မလွှကုန်းရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများအားလည်းကောင်း၊ စားသောက်ရေးအခက်အခဲရှိသည့် အိမ်ထောင်စု ( ၈၀)အတွက် တစ်အိမ်ထောင်လျှင် Package တစ်စုံနှုန်းကို လည်းကောင်း We Love Yangon ( Mingalar Taung Nyunt) ပရဟိတအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်စေရန် အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းခဲ့ကြောင်းသိရသည်။ မြို့နယ်အတွင်း ကျန်ရှိနေသေးသည့် သက်ကြီးဘိုးဘွားများရှိရာ နွမ်းပါးအိမ်ထောင်စု (၁၂၀) စုအတွက်လည်း ထပ်မံလှူဒါန်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)