မိုးနဲမြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မဲရုံများတွင် ကြိုတင်မဲပေးနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မိုးနဲ        နိုဝင်ဘာ    ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ကြိုတင်မဲပေးနေမှုများအား ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဌေးညွန့်နှင့် အဖွဲ့ဝင်များသည်  မြို့ပေါ်ရပ်ကွက်များနှင့်  ကျေးရွာအုပ်စုရှိ သတ်မှတ်မဲရုံများတွင် အသက်(၆၀)နှင့် အထက်သက်ကြီးဘိုးဘွားများနှင့်  ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်မဲပေးနေမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့နောက် သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် တွေ့ဆုံ၍  သတ်မှတ်မဲရုံများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်ရေး၊ မဲရုံများတွင် တာဝန်ယူဆောင်ရွက်ကြမည့်သူများအနေဖြင့် ရောဂါပိုးကူးစက်မခံရရေး စည်းကမ်း ချက်များနှင့် အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ပြီး မဲရုံလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ၊မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၆) စုနှင့် မဲဆန္ဒရှင်စုစုပေါင်း (၂၈၈၆၆)ဦး ရှိရာ မဲရုံ(၃၁)ရုံ ဖွင့်လှစ် ဆောင်ရွက် သွားမည် ဖြစ်သည်။

မျိုးညွန့်ရွှေ (မိုးနဲ)