ချမ်းအေးသာစံ ဖေဖော်ဝါရီ ၈
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် (၃၆)ကြိမ်မြောက်မဟာဘွဲ့နှင်း သဘင်အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားအား အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီးတွင် အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး (၂)ထပ်ဆောင်အစည်းအဝေးခန်းမတွင် ကျင်းပရာ (၃၆)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီနာယက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ဓမ္မာစရိယစာမေးပွဲ၊ ပထမပြန်စာမေးပွဲ၊ နိကာယ်စာမေးပွဲများတွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှ ထူးချွန်စွာအောင်မြင်တော်မူကြသော စာအောင်သံဃာတော်များ၊ စာအောင်သီလရှင်များနှင့်စာအောင်လူပုဂ္ဂိုလ်တို့အား ချီးကျူးပူဇော်သည့် (၃၆)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားဖြစ်ပါကြောင်း၊ ဖေဖော်ဝါရီလ ၁၅ရက်နေ့တွင် မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီးတွင် နိုင်ငံတော်အဆင့်အခမ်းအနားနှင့်အညီ ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ဆွမ်းဆန်စိမ်းများကိုလည်းလောင်းလှူသွားမည် ဖြစ်ပါကြောင်း၊ အစည်းအဝေးများမှ ဆုံးဖြတ် ချက်များဖြင့် အခမ်းအနား မကျင်းပမီ၊ ကျင်းပစဉ်နှင့် ကျင်းပပြီးစီးသည်အထိ လုပ်ငန်းကဏ္ဍအလိုက် ချောမွေ့အောင်မြင်စွာပြီးစီးရေး စနစ်တကျ ကြပ်မတ်ကာပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းနှင့် လိုအပ်ချက်များအပေါ် အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်ရေး အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက မဟာဘွဲ့နှင်းသဘင်အခမ်းအနားအတွက် နေရာချထားမှု၊ ဆွမ်းဆန်စိမ်းလောင်းလှူရန်နေရာများ ကြိုတင်ပြင်ထားမှု၊ အထူးအောင်သံဃာ၊ သီလရှင်(၃၃) ပါး၊ စာအောင်သံဃာ၊ သီလရှင်၊ လူပုဂ္ဂိုလ်(၁၃၄၃)၊ စုစုပေါင်း(၁၃၇၆)အား စာအောင်လက်မှတ်နှင့် အဆောင်အယောင်များ ဆက်ကပ်ရာတွင် မှားယွင်းမှု မရှိစေရေး စနစ်တကျ ဆောင်ရွက်ထားရှိမှု၊ ပင့်သံဃာ(၁၁)ပါးနှင့် အထူးအောင်သံဃာ (၂၇)ပါးတို့အား ဆွမ်းဆက်ကပ်သွားရန်စီစဉ်ထားရှိမှု၊ အလှူရှင်များ၏ လှူဒါန်းငွေများ လက်ခံရရှိမှုနှင့် လှူဒါန်းငွေများ ဆက်လက်လက်ခံနေမှု၊ လုပ်ငန်းကဏ္ဍများနှင့် စပ်လျဉ်း၍ လစ်ဟာမှုများ မရှိစေရေးဝိုင်းဝန်းဆွေးနွေး တင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်