မန္တလေးတိုင်းဒေသကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေး ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ချမ်းအေးသာစံ  ဖေဖော်ဝါရီ ၈

မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ တိုင်းဦးစီးမှူးကြီးကြပ်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်များရှိ လူနေအိမ်များ၊ စက်ရုံများ၊ အလုပ်ရုံများတွင် မီးဘေးလုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းများနှင့်အသိပညာပေးခြင်များကို စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ခြင်းအား မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူး ဦးဇော်ဝင်းထွန်း၊ ဒုတိယတိုင်းဦးစီးမှူး ဦးဌေးဝင်းတို့ဦးဆောင်၍ ခရိုင်မီးသတ်ဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ စက်ရုံတာဝန်ရှိသူများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် ဖေဖော်ဝါရီ ၆ ရက်က ပြည်ကြီးတံခွန် မြို့နယ်ထိန်ကုန်းရပ်ကွက်ရှိ အောင်စိန်ချည်မျှင်စက်ရုံ၊ ရသာကောင်း ချိုချဉ်စက်ရုံနှင့် ရပ်ကွက်ရှိနေအိမ်များအားလည်းကောင်း၊ ဖေဖော်ဝါရီ ၇ ရက်က ပြည်ကြီးတံခွန် (ဈ)ရပ်ကွက်ရှိ ဒုံးပျံ ဂျုံစက်ရုံ၊ စိန်ပန်းမြေ ပီနံအိတ်စက်ရုံတို့အားလည်းကောင်း အဆိုပါနေရာများသို့ သွားရောက်ပြီး မီးဘေးလုံခြုံရေးအတွက် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထွန်းထွန်းနိုင်