မိုင်းခုတ် ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မယ်နင်ကျေးလက်ကျန်းမာရေးဌာနမှ အသက်(၅)နှစ်ပြည့်ပြီး အသက် (၇) နှစ်မကျော်သော (KG) အတန်းတွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး (DT) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (မိုင်းခုတ်) ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် မယ်နင်ကျေးလက်ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းစီဖောင်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း (မိုင်းခုတ်) မှ အသက် (၅) နှစ်ပြည့်ပြီး အသက် (၇) နှစ်မကျော်သော KG အတန်းမှ ကျောင်းသား၊ ကျောင်းသူ (၂၁) ဦး၊ အခြေခံပညာမူလတန်းကျောင်း (ပန်ခိုက်) မှ ကျောင်းသား/ ကျောင်းသူ(၄)ဦးနှင့် အခြေခံပညာမူလတန်းကျောင်း (ပုံတပ်) မှ ကျောင်းသား/ ကျောင်းသူ(၅)ဦး အား သက်ဆိုင်ရာ ဆေးထိုးကတ်ပြားတွင် စနစ်တကျစာရင်းရေးသွင်းပြီး ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး (DT)ထိုးနှံပေးကာ မိနစ် ၃၀ ခန့်စောင့်ကြည့်ခဲ့ပြီး ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထို့နောက် အဆိုပါကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ အား ကျန်းမာရေးဆိုင်ရာသိကောင်းစရာများအား အသိပညာပေးဟောပြောပြီး သံချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)