မုဒုံ ဖေဖော်ဝါရီ ၈
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ကျေးရွာများတွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိကာ တောင်သူများအဆင်ပြေလျက်ရှိသည်။
မုဒုံမြို့နယ်တွင် တောင်သူအများစုက မိုးစပါးများရိတ်သိမ်းပြီးအချိန်တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းများကို အားထားလုပ်ကိုင်ကြပြီး ဆောင်းသီးနှံများအနေဖြင့် ဖူးစားပြောင်း၊ ပန်းဂေါ်ဖီ၊ မုန်လာဥဖြူ၊ ခရမ်းသီး၊ ရွှေဖရုံ၊ ကျောက်ဖရုံ၊ ငရုတ်စသည့်သီးနှံများကို စိုက်ဧက (၂၃၀၀) ကျော်ကို စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးထားသည့် သီးနှံများအောင်မြင်ဖြစ်ထွန်းစေရေးအတွက် စိုက်ပျိုးရေးနည်းပညာများ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ မျိုးစေ့များပံ့ပိုးပေးအပ်ခြင်း၊ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကွင်းတာဝန်ခံဝန်ထမ်းများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မုဒုံမြို့နယ်တွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ရိုးရိုးသကြားပြောင်းဖူးနှင့် ကောက်ညှင်းပြောင်းဖူးများကို အများဆုံးစိုက်ပျိုးကြပြီး ဒေသပေါက်စျေး တစ်ဖူးလျှင် ငွေကျပ် (၃၀၀) မှ (၄၀၀) ကျပ်အထိ မြို့ပေါ်စျေးများတွင် ရောင်းချရကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)