ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြန်လည်ထူထောင်ရေးပစ္စည်းများ ရောက်ရှိ ဖြန့်ခွဲနေမှုအား ကြည့်ရှုစစ်ဆေး

စစ်တွေ  ဖေဖော်ဝါရီ   ၈

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ MV Royal Venus သင်္ဘောဖြင့် စစ်တွေမြို့သို့ရောက်ရှိလာသည့်ပစ္စည်းများအား မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စစ်တွေဖောင်တော်ကြီးဆိပ်ကမ်း၌ ကုန်တင်ကုန်ချပြုလုပ်နေမှုကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။

MV Royal Venus သင်္ဘောတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကမှာယူသည့် စားအုန်းဆီ၊ စက်သုံးဆီနှင့်စားသောက်ကုန်များ၊ တည်ဆောက်ရေးသုံးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၊ စစ်တွေမြို့အဆင့်မြှင့်တင်ရေးအတွက် လိုအပ်သောပစ္စည်းများ စုစုပေါင်း ၂၄၅၅ ဒသမ ၆၈ တန် တင်ဆောင်၍ စစ်တွေမြို့ သို့ရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါပစ္စည်းများအား လူအင်အား၊ စက်ယန္တရားအင်အားများ အသုံးပြုကာ ကုန်တင်ကုန်ချ ပြုလုပ်နေမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရောက်ရှိလာသောကုန်ပစ္စည်းများအား စနစ်တကျ အတင်အချ ပြုလုပ်နိုင်ရေး၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး၊ သိုလှောင်ထိန်းသိမ်း ရောင်းချခြင်းမပြုစေရေး၊ လိုအပ်မှုမရှိသောနေရာများသို့ မရောက်ရှိစေနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade–5၊ Grade–9၊ Grade–12 နှင့် တက္ကသိုလ်ဝင်စာမေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ လမ်းညွှန်ချမှတ်ထားသည့် အမျိုးသားပညာရေးမူဝါဒများထဲမှ နိုင်ငံသားတိုင်း Grade–9 အထိ ပြီးမြောက်အောင် ပညာသင်ယူရေးဖြစ်ကြောင်း၊ ထို့ကြောင့် အခြေခံပညာမူလတန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း Grade–5 စာမေးပွဲကို ခရိုင်အဆင့်အဖြစ် ကျင်းပသွားမည်ဖြစ်ဖြစ်ပြီး အခြေခံ ပညာအလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း Grade–9 စာမေးပွဲကို ပြည်နယ်အဆင့်အဖြစ်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် ပြောင်းလဲတိုးတက်လာသော ခေတ်စနစ်နှင့်လိုက်လျောညီထွေဖြစ်စေရန် ပညာရေးစနစ်ကို အခြေခံပညာကဏ္ဍတွင်သင်ကြား၊ သင်ယူမှုအပြည့်အဝရရှိစေရေးအတွက် (KG+12) သင်ရိုးသစ်ပညာရေး စနစ်ကို ၂၀၁၆ -၂၀၂၇ ပညာသင်နှစ်မှစ၍ KG တန်းမှ စတင်အကောင်အထည်ဖော်ခဲ့ကြောင်း၊ ယခု ၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲအဖြစ် စနစ်သစ်ပညာရေး၏ ပထမဦးဆုံးစာမေးပွဲကို စစ်ဆးမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲသည် နိုင်ငံတော်၏ အစိုးရစစ်စာမေးပွဲကြီးဖြစ်၍ မသမာမှုကင်းရှင်းပြီး အေးချမ်းအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရန်အတွက် တာဝန်ရှိသူအားလုံးက ဂရုတစိုက်ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း၊ စာမေးပွဲကြီးကျင်းပသည့်အချိန်တွင်လည်း စာစစ်ဌာနများ၊ မြို့နယ်များတွင် အတွင်းစည်း၊ အပြင်စည်းများဖြင့် တာဝန်ရှိသူများအားလုံးက သတိကြီးစွာ၊ စည်းကမ်းရှိစွာဖြင့် စောင့်ထိန်းကြပ်မတ် အထူးလိုအပ်ကြောင်းနှင့် မိမိတို့၏တာဝန်ထမ်းဆောင်မှု စံတန်ဖိုးဖြစ်သည့် ရိုးသားကြိုးစားမှုကို အခြေခံထားပြီး သမာသမတ်ကျအောင် ဆောင်ရွက်ကြရန် ပြောကြားသည်။

ယင်းနောက် ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က Grade–5၊ Grade–9၊ Grade–12 နှင့် တက္ကသိုလ်ဝင် စာမေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြပြီး Video Conference စနစ်ဖြင့်တက်ရောက်ကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ များနှင့် ပညာရေးမှူးများက မိမိတို့ခရိုင်နှင့်မြို့နယ်အလိုက် သတ်မှတ်ထားသော စာစစ်ဌာနများတွင် စနစ်တကျဖြေဆိုနိုင်ရေး စီမံဆောင်ရွက် ထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လုံခြုံရေးကိစ္စများအား တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်မှာပြီး လိုအပ်သည်များကို ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)