ဘီးလင်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသ

ဘီးလင်း ဖေဖော်ဝါရီ ၈

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဌာနဆိုင်ရာများနှင့်ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ်နှင်းပုလဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ရှေးဦးစွာ ဘီးလင်းမြို့နယ်နှင်းပုလဲ(အ.ထ.က)ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးအောင်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူးဒေါ်သန်းသန်းရွှေက ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများနှင့်အားကစားတွင် စိတ်ပါဝင်စားကြသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားကစားနှင့်ကာယပညာသိပ္ပံသင်တန်းကျောင်း(မော်လမြိုင်)သို့ တက်ရောက်နိုင်သည့် အခွင့်အလမ်းများအကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးမျိုးမျိုးစံက လူငယ်များအနေဖြင့် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရေး၊ ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများလေ့လာဖတ်ရှုကြရေးကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဇင်ဖြူဝင်းက ကုန်ညွှန်းအမှတ်အသားများအကြောင်းကိုလည်းကောင်း အသီးသီးဟော‌ပြော ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးသူငယ်စစ်မှုထမ်းခြင်းမှ ကာကွယ်‌ရေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)