မိုင်းယန်းမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင် ပြသ

မိုင်းယန်း ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် နေ့ထူးနေ့မြတ်များကို အစဉ်အမြဲတန်ဖိုးထားမမေ့အပ်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက ပါမိုင်ရပ်ကွက် အတွင်းရှိ အခြေခံပညာမူလတန်းလွန်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ကျောင်းသားကျောင်းသူများအား ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအကျဉ်းကို အသိပညာပေး ရှင်းလင်းဟောပြောသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက  ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအမျိုးအစားများနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအားပြသရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထို့နောက်  ကျောင်းသား/ ကျောင်းသူများအား စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတိုးပွားစေရန်အတွက် သုတ၊ ရသ စာအုပ်စာစောင်များ ငှားရမ်းပေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၄ခုနှစ်၊ (၇၇)နှစ် မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေးပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး