မဟာအောင်မြေ ဖေဖော်ဝါရီ ၈
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမင်းသိန်းမှ ကျေးဇူးတင်စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က အဖွင့်အမှာစကားပြောကြားကာ စာရေးဆရာကြီး လွတ်လပ်ငြိမ်းက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ပတ်သက်၍ ဟောပြောရာတွင် ကျောင်းသူ/သားများအနေဖြင့် ပြည်ထောင်စိတ်ဓာတ်ကို အလေးထားတတ်ရန်၊ တန်ဖိုးဟုဆိုရာတွင် လဲလှည်မှုတန်ဖိုး၊ အသုံးချမှုတန်ဖိုး၊ မြတ်နိုးတွယ်တာသောတန်ဖိုး၊ အနုပညာတန်ဖိုး၊ သဘာဝပတ်ဝန်းကျင်တန်ဖိုးတို့ရှိကြကြောင်း၊ လူတိုင်းတိုင်းသည် လဲလည်မှုတန်ဖိုးနှင့် အသုံးချမှုတန်ဖိုးတို့ကိုသာ နားလည်ကျင့်သုံးကြ၍ မြတ်နိုးမှုတန်ဖိုးကို အလေးမထားကြသဖြင့် လူသဘာဝပတ်ဝန်းကျင်တစ်ခုလုံး ပျက်သုဉ်းကြသည်ကို မေ့နေကြကြောင်း၊ ထို့ကြောင့် လူသားတိုင်း လူသားတိုင်း မြတ်နိုးတွယ်တာသောတန်ဖိုးကို အလေးထားတတ်ရန်လိုအပ်ကြောင်း၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သော တိုင်းရင်းသားများနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ကို အသိအမှတ်ပြုကာ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့ကို ကျောင်းသား/သူများနေဖြင့် အမေ့သင့်ဘဲ အစဉ်အလေးထားသတိပြုသင့်ကြောင်း၊ ကျောင်းသူ/သားများ အပါအဝင် မိဘပြည်သူများမှ အလေးထားလိုက်နာ နာယူသင့်ပါကြောင်း စသည်များပြောကြားခဲ့ပြီး ခင်းကျင်းပြသထားသော ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် ဗဟုသုတရဖွယ် နံရံကပ်စာစောင်များ၊ ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်များကို တက်ရောက်လာသော ကျောင်းသား/သူများက လေ့လာကြည့်ရှုပြီး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့လက်ကမ်းစာစောင်များကိုလည်း (အခမဲ့)ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း