ကျိုင်းတုံမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ဘုန်းတော်ကြီးကျောင်းများသို့ မီးသတ်ဆေးဗူးများလှူဒါန်း

ကျိုင်းတုံ ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံမြို့နယ်၌ ပူပြင်းခြောက်သွေ့ရာသီရောက်ရှိလာပြီဖြစ်၍  မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်ကာ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက် (၉) နာရီက ဘုန်းတော်ကြီးကျောင်းများသို့ မီးသတ်ဆေးဗူးများ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။  

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ကျိုင်းတုံမြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူထိုက်မှ ဦးဆောင်ကာ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ကျိုင်းတုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ပရိယတ္တိစာသင်တိုက်များသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု့စစ်ဆေးခဲ့ကြပြီး မီးသတ်ဆေးဗူးများကိုလှူဒါန်းခဲ့ကြောင်းသိရသည်။

ကျိုင်းတုံမြို့နယ်၌ မီးလောင်မှု မီးလန့်မှု မဖြစ်ပွားစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒီဇင်ဘာလမှစ၍ မြို့ပေါ်ရပ်ကွက်များအပြင် ကျေးရွာအုပ်စုများအထိ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ ဆော်ဩခြင်း၊ စစ်ဆေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။  

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)