ပျော်ဘွယ်မြို့၊ အမှတ်(၈)အထည်စက်ရုံတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ပျော်ဘွယ် ဖေဖော်ဝါရီ ၈

စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၈)အထည်စက်ရုံ(ပျော်ဘွယ်)တွင် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် အသိပညာပေးဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မီးဘေးလုံခြုံမှုစစ်ဆေးခြင်းတို့ကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါစက်ရုံတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၈)အထည်စက်ရုံမှူး ဦးဇော်ဇော်မြင့်က ဝန်ထမ်းများအနေဖြင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးဟောပြောမှုများ၊ ဇာတ်တိုက်လေ့ကျင့်မှုများကို သေချာစွာလေ့လာဆောင်ရွက်သွားရန်လိုအပ်ပါကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက အကြီးစားစက်ရုံဖြစ်သည်နှင့်အညီ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ မီးလောင်မှုဖြစ်ပေါ်လာပါက မီးငြှိမ်းသတ်ရေးအတွက် ဆောင်ရွက်ရမည့် နည်းများလမ်းများ စသည်တို့ကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးက မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းများ၊ မီးသတ်ယာဉ်သုံး မီးသတ်ပိုက်အသုံးပြု၍ မီးငြှိမ်းသတ်နည်းများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် စက်ရုံအတွင်းရှိဝန်ထမ်းများနှင့်ပူးပေါင်း၍ လက်တွေ့လေ့ကျင့်စေခဲ့ပြီး စက်ရုံအတွင်းလှည့်လှည်၍ မီးဘေးအန္တရာယ်ကာကွယ်ရေး ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်(ပြန်/ဆက်)