မချမ်းဘောမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီး၌ ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်

မချမ်းဘော ဖေဖော်ဝါရီ ၇

ကချင်ပြည်နယ် ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ကောင်းမှုလုံစေတီတော်မြတ်ကြီးတွင် ဗုဒ္ဓပူဇနိယပွဲတော်နှင့် မဟာအဘိဓမ္မာ (၇) ကျမ်းရွတ်ဖတ်ပူဇော်ပွဲကို ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ် တပို့တွဲလဆန်း (၄) ရက်နေ့မှ တပို့တွဲလပြည့်နေ့အထိ ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှ (၂၄) ရက်နေ့ထိ (၁၂) ရက်တာ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကိုကျင်းပရာတွင် တပို့တွဲလဆန်း (၄) ရက် ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကောင်းမှုလုံစေတီတော် ပရဝုဏ်အတွင်းရှိ တေဇသာလာဓမ္မာရုံတော်တွင် ပွဲတော်ဖွင့်ပွဲကိုကျင်းပမည်ဖြစ်ပြီး မဟာအဘိဓမ္မာ (၇) ကျမ်း ရွတ်ဖတ်ပူဇော်ခြင်းကို ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှ (၂၂)ရက်နေ့အထိ  ဘာဏကသံဃာ ၂၇ပါးတို့က ၉ရက်တာရွတ်ဖတ်ပူဇော်သွားမည်ဖြစ်သည်။  ဆက်လက်၍ ဖေဖော်ဝါရီလ ၂၃ရက်နေ့တွင် ဘာဏကသံဃာ၂၇ပါးတို့က ဉပ္ပါဒသန္တိသုတ်တော်ရွတ်ဖတ်ပူဇော်ခြင်းနှင့် ပဒေသာပင်လှည့်လည်ပူဇော်ခြင်း၊ ထမနဲထိုးပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့် ညနေ ပိုင်းတွင် ကောင်းမှုလုံစေတီတော် ရင်ပြင်တော်၌ ဆီမီးပူဇော်ခြင်းတို့ကို ကျင်းပသွားမည်ဖြစ်သည်။

ထို့နောက် တပို့တွဲလပြည့်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၅ နာရီတွင် ကောင်းမှုလုံမုခ်ဦးဘုရား (၉) ဆူတွင် မသိုးသင်္ကန်းဆက်ကပ်ပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း၊ နံနက်၈နာရီတွင် အဘိဓမ္မာရေစင်တော်များအား မလိခမြစ်တွင်းသို့ သွန်းလောင်းပူဇော်ခြင်းနှင့် နံနက်၉နာရီခွဲတွင် အဘိဓမ္မာသိမ်းအောင်ပွဲ၊ ဗုဒ္ဓပူဇနိယ ရေစက်ချအခမ်းအနားတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော)