(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်

ဆိပ်ကြီးခနောင်တို ဖေဖော်ဝါရီ ၈

၂၀၂၄ ခုနှစ်၊  ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရောက်ရှိမည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြတ်မွန်ခိုင်က  ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့နှင့်ပတ်သက်၍ ဗဟုသုတရရှိစေရန် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြမှုများကို အသိပညာ ပေးဟောပြောသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက “ပြည်ထောင်စုနေ့” ခေါင်းစဥ်ဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် “ပြည်ထောင်စုပွဲ ဒို့ဆင်နွှဲ” ခေါင်းစဥ်ဖြင့်  ကဗျာပြိုင်ပွဲကိုယှဥ်ပြိုင်ကြရာ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများကို ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းမျာက အမှတ်တရ ဆုလက်ဆောင်များ ချီးမြှင့်ပေးကြပြီး၊ ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာအုပ်ပြပွဲကို  ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)