(၇၇) နှစ်မြောက်ပြည်ထောင်စုနေ့အကြို ထမနံထိုးပြိုင်ပွဲ အ.ထ.က (၂) မြို့မ (တွံတေး) ၌ကျင်းပ

တွံတေး ဖေဖော်ဝါရီ ၈

(၇၇) နှစ်မြောက်ပြည်ထောင်စုနေ့အကြို ထမနဲထိုးပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ အုန်းပင်စုရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း (မြို့မ) တွံတေး၌ ဖေဖော်ဝါရီလ ၆ ရက်နေ့နံနက် ၈ နာရီအချိန်က အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အ.ထ.က ၂ မြို့မ (တွံတေး) ကျောင်းအတွင်းရှိ ကျန်စစ်သားအသင်း (အဝါ)၊ ဘုရင့်နောင်အသင်း (အစိမ်း)၊ အလောင်းဘုရားအသင်း (အနီ)၊ ဗန္ဓုလအသင်း (အပြာ)၊ အနော်ရထာအသင်း (လိမ္မော်) အသင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းမှ ကျောင်းသား၊ ကျောင်းသူများ မြန်မာ့ဆယ်နှစ်လရာသီပွဲတော်များတွင် တစ်ပွဲအပါအဝင်ဖြစ်သည့် ထမနဲထိုးပွဲကို မြန်မာ့အစဥ်အလာနှင့် ယဥ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမများ ချစ်ခင်ရင်းနှီးပြီး စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထမနဲထိုးပွဲသို့ တွံတေးခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်း၊ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်မြချို၊ ကျောင်းအုပ်ဆရာကြီး ဦးခင်ဇော်ညွန့်နှင့် ဌာနဆိုင်ရာများ ကျောင်းသား၊ ကျောင်းသူများ ထမနဲထိုးနေမှုကိုကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ယင်းထမနဲ့ထိုးပွဲတွင် ထက်၊ လယ်၊ မူ မှ ကျောင်းသား၊ ကျေားင်းသူများက သံချပ်၊ အဆို၊ အကများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

တွံတေးသား