ကျောက်ဆည် ဖေဖော်ဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်လူငယ်များပေါ်ထွက်လာစေရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခြင်း၊ သင်တန်းများဖွင့်လှစ်ပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီက ကျောက်ဆည်မြို့နယ် ပြည်ပန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်မြို့နယ် ပေါက်ကုန်းအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးအောင်ကိုသက်က အသိပညာပေးဟောပွဲတွင် ဟောပြောခဲ့သည့်အကြောင်းအရာများကို ဂရုစိုက်နားထောင်မှတ်သားကြပြီး အောင်မြင်သူများဖြစ်အောင် ဆောင်ရွက်သွားရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းရေးအကြောင်းများ ဟောပြောဆွေးနွေးခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက “အလိမ္မာစသာမှာရှိ” ဆိုသည့်အတိုင်း ကျောင်းသား/ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချသည့်အနေဖြင့် စာအုပ်များ ဖတ်ရှုသွားကြစေရေး၊ ဘဝတွင် အောင်မြင်သူများသည် စာပေဖတ်ရှုသူများဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ရသစာအုပ်များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)