နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇောင်ချမ်းကုန်း – ဝက်စုကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၈

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ပျဉ်းမနားမြို့နယ်၊ ဇောင်ချမ်းကုန်း – ဝက်စုကျေးရွာချင်း ဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက်‌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား သတ်မှတ်အရည်အသွေးပြည့်မီစေရေး၊ ရေရှည်ခိုင်ခံစေရေး၊ လမ်းဘေးဝဲယာ လမ်းပုခုံးသားများကို သတ်မှတ်အဆင့်ပြည့်မီဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ငကောင်းကံအုပ်စု၊ ဇောင်ချမ်းကုန်းကျေးရွာရှိ ကျေးလက်ဖွံ့ဖြိုးရေးခန်းမ၌ ဆီထွက်သီးနှံ စိုက်ပျိုးသည့် တောင်သူများနှင့်တွေ့ဆုံပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင်  ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊  ကျေးလက်နှင့်မြို့ပြများအကြား ဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းစေရေးနှင့် ဆင်းရဲမှုလျော့ချနိုင်ရေးတို့အတွက် မူဝါဒများ၊ ရည်မှန်းချက်များ၊ မဟာဗျူဟာများ ရေးဆွဲချမှတ်ပြီး ဘက်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးရေးအစီအစဉ်များကို မြန်ဆန်သွက်လက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ၊ ကျေးလက်ကုန်ထုတ်လမ်းများ၊ ကျေးလက်ဒေသသန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နေပြည်တော်အတွင်း စားရေရိက္ခာဖူလုံရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးနှင့် ကုန်ထုတ်ကဏ္ဍတိုးမြှင့် ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေလျက်ရှိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး တစ်ဧက ပန်းတိုင်အထွက်နှုန်း တိုးတက်ထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိရေးအတွက် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များကို လိုက်နာကျင့်သုံး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့် ပြည်ပစားသုံး ဆီတင်သွင်းမှု လျော့ချနိုင်ရေးအတွက် ဆီထွက် သီးနှံများ စိုက်ပျိုးရာတွင် မြေပဲ၊ နှမ်း၊ နေကြာတို့ကို ဖြစ်ထွန်းနိုင်သည့် အနေအထားပေါ်မူတည်၍ စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သီးထပ်စွမ်းအားများ တိုးတက်လာမည်ဆိုပါက ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ပြီး ဝင်ငွေများ ပိုမိုတိုးတက်လာမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးက ဆိုလာ ရေတင်စနစ်ဖြင့် ဆောင်ရွက်သည့် ဆီထွက်သီးနှံနေကြာစိုက်ခင်းနှင့် VDP စီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လူထုခန်းမလုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးက စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား ထောက်ပံ့ပေးအပ်သည့် သဘာဝဓာတ်မြေဩဇာများကို ထောက်ပံ့ပေးအပ်ရာ တောင်သူများကိုယ်စား ငကောင်းကံအုပ်စု အုပ်ချုပ်ရေးမှူးက လက်ခံရယူသည်။

ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက နေပြည်တော်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပန်းတိုင်အထွက်နှုန်းများတိုးတက်ထွက်ရှိရေး ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တောင်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအနီးရှိ တပေါင်းကွင်းအတွင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဒေသထွက် MSME ကုန်ထုတ်လုပ်ငန်းများနှင့် ရိုးရာအစားအစာ ခင်းကျင်းပြသရောင်းချနိုင်ရေးအတွက် ဆိုင်ခန်းများ တည်ဆောက်နေမှုနှင့် တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)