တပ်ကုန်းမြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

တပ်ကုန်း ဖေဖော်ဝါရီ ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအုပ်စု၊ အကျဉ်းဦးစီးဌာန၊ ကင်းသာ(၁)ကုန်ထုတ်စခန်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကင်းသာ(၁)ကုန်ထုတ်စခန်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်ရခြင်းအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့များတွင်ပါဝင်သော လေထုညစ်ညမ်းစေသည့် အရာများ၊ မီးခိုးမြူငွေ့ထိန်းချုပ်ရေးလုပ်ငန်းများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု၏ ဆိုးကျိုးသက်ရောက်မှုများ၊ မီးခိုးမြူငွေ့ကြောင့်  ဖြစ်ပွားစေနိုင်သော ရောဂါများအကြောင်းကို ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြောခဲ့ပြီးနောက် တက်ရောက်လာသူများအား မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့သည်။

ဟောပြောပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ ကင်းသာ(၁)ကုန်ထုတ်စခန်းမှ စခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ရန်နိုင်ထွန်း၊ ကင်းသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းနှင့် ရာအိမ်မှူးများ၊ ကျောက်ကွင်းလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးရတနာစိုး