စဉ့်ကူး ဖေဖော်ဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို စဉ့်ကူးမြို့ မြို့မစျေးအတွင်း ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းပြည့်ကျော်က မီးဘေးန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများ၊ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရမည့်လုပ်ငန်းများကို စျေးသူ စျေးသားများနှင့် စျေးဝယ်သူများအား အသိပညာပေး ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့ မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြသပြီး စျေးသူစျေးသားများအား မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ဈေးအတွင်းရှိ ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှု၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအား မှာကြားခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာသို့ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဒေါ်အေးစုမွန်နှင့် ဝန်ထမ်းများ၊ စဉ့်ကူးမြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးချမ်းပြည့်ကျော် ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စျေးသူစျေးသားများနှင့် ဈေးဝယ်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)