ကြည့်မြင်တိုင် ဖေဖော်ဝါရီ ၇
ကျောင်းသား/ကျောင်းသူ လူငယ်များ ပြည်ထောင်စုနေ့ပေါ်ပေါက်လာပုံများအကြောင်း လေ့လာသိရှိနိုင်စေရန်နှင့် မိမိတို့နိုင်ငံ၏ အထိမ်းအမှတ်နေ့များကို ပိုမိုတန်ဖိုးထားတက်စေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ်(၅) အခြေခံ ပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ဇာလင်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ပင်လုံစာချုပ်ချုပ်ဆိုခဲ့ကြသည် တိုင်းရင်းသားခေါင်းဆောင်များ၏အမည်များ၊ ပြည်ထောင်စုနေ့တွင်ကျင်းပသည့် ပွဲအခမ်းအနားများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ပေးခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များအား ပြသခဲ့ရာ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)