ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များအတွင်းလှည့်လည်၍ မီးဘေးကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ပုဇွန်တောင်  ဖေဖော်ဝါရီ  ၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုမြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဝင်းသူနှင့် တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ မိဘပြည်သူများအား မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေး သတိပေးနှိုးဆော်ခြင်းကို ယမန်နေ့ည ၆ နာရီအချိန်၌   ရပ်ကွက်များတွင် လှည့်လည်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့အသိပေးနှိုးဆော်ရာတွင် မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မီးဖိုမီးသုံးစွဲပြီးပါက မီးကြွင်းမီးကျန်မရှိစေရေး စနစ်တကျ ငြိမ်းသတ်ကြရန်၊ လျှပ်စစ်မီးသုံးစွဲရာတွင် သတိပြုသုံးစွဲကြရန်၊ လျှပ်စစ်မီးကြိုးများ ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးထားကြရန်၊ လျှပ်စစ်မီးသုံးစွဲပြီးသည့်အခါတိုင်း မီးခလုပ်များကို သေချာစွာပိတ်ကြရန်နှင့် လိုအပ်လျှင် မီးမိန်းများချထားကြရန် အစရှိသည့် အသိပေးနှိုးဆော်ခြင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လိုက်လံသတိပေး နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်