အ.လ.က(ခွဲ)မ (၂၅)ကျောင်း၌ ပြည်‌‌ထောင်စုနေ့အကြို ဟောပြောပွဲကျင်းပ

ဒဂုံတောင်  ဖေဖော်ဝါရီ   ၇

လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ ရရှိပြီးသားအသိပညာဗဟုသုတများ ပိုမိုတိုးတက်ရရှိစေရေး ရည်ရွယ်ကာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကာ ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အ.လ.က(ခွဲ)မ(၂၅)ကျောင်း၌ ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီ ၃၀မိနစ်က အ.လ.က(ခွဲ)မ (၂၅)ကျောင်း စုဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 ရှေးဦးစွာ အ.လ.က(ခွဲ) မ(၂၅) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိုနယ်ဦးစီးမှူး ဒေါ်သန်းသန်း‌အေးက မြန်မာနိုင်ငံ၏ သမိုင်းဝင် နေ့ထူးနေ့မြတ်များနှင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများဖြစ်သော  ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများ၊ ပြည်ထောင်စုနေ့သည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီး ဖြစ်ကြောင်း၊ ပင်လုံမြေမှစတင်ခဲ့သည့် တိုင်းရင်းသားပေါင်းစုံတို့၏ သွေးစည်းညီညွတ်မှု သင်္ကေတဖြစ်‌သော ပြည်ထောင်စုစိတ်ဓာတ်အရင်းတည်ပေါက်ဖွားရာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်ကစတင်ကာ ယခုနှစ်ဆိုလျှင် ၇၇ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ပြည်‌ထောင်စုနေ့အကြောင်းသိကောင်းစရာများကို အကျယ်တဝင့် အသိပညာ‌ပေးဟောပြောသည်။

 ထို့နောက် Book Club အဖွဲ့ဝင်၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး  စာ‌ရေးဆရာ သက်ဝေမောင်က “လူငယ်နှင့်‌အောင်မြင်ရေးခေါင်းစဉ်ဖြင့် လူငယ်များဗဟုသုတကြွယ်ဝ‌စေရေး၊ အောင်မြင်သောလူ‌ကောင်း၊ လူတော်ဖြစ်စေရေး သုတ၊ ရသစာအုပ်များ ဖတ်ရှုရမည်ဖြစ်ကြောင်း ဖတ်ရှုသင့်သော စာပေအမျိုးအစား (၅)မျိုး၊ မဖတ်ရှုသင့်‌သောစာပေအမျိုးအစား (၆)မျိုးတို့အား စာအုပ်များလက်‌တွေ့ပြသကာ ရေးသားထားသောအကြောင်းအရာများကို အကျဉ်းချုပ်ဆွေးနွေးပြောကြားခြင်း၊ မှတ်သားရလွယ်ကူသော ဥပမာ‌ပေးပုံပြင်‌လေးများဖြင့် အကျယ်တဝင့် အသိပညာ‌ပေးခြင်းများဖြင့် ဟောပြော‌ဆွေးနွေးသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့်‌ ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များဖြစ်သော ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင် စသည့်အသိပညာ‌ပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

သန်းသန်းအေး