သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကာယအလှမယ်ပြိုင်ပွဲကျင်းပ

ရန်ကုန်    ဖေဖော်ဝါရီ    ၇

 ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်ရှိ သင်္ကန်းကျွန်းပညာရေး ဒီဂရီကောလိပ်၌ ယနေ့နံနက်ပိုင်းအချိန်က (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကာယအလှမယ်ပြိုင်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့် အဖွဲ့ဝင်များ၊ ဆရာအတတ်ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင်အလှမယ်လေးများ၊ သင်္ကန်းကျွန်းပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာ ငြိမ်းသီအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါ ကာယအလှမယ်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူလေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/သူလေးများက “မနောမြေမှ တေးသံသာ” သီချင်းဖြင့်လည်းကောင်း၊ “ချင်းတို့ဌာနေ” သီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ ဆက်လက်၍ ဆန်ခါတင်ရွေးချယ်ခံရသည့် ပြိုင်ပွဲဝင်(၅)ဦး ယှဉ်ပြိုင်ခဲ့ကြပြီး သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/သူလေးများက “ဖိတ်ခေါ်ပါရစေ ကရင်မြေ” သီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

ယင်းနောက် သက်ဆိုင်ရာတာဝန်ရှိသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်အလှမယ်လေးများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများ ရရှိခဲ့ကြသော ပြိုင်ပွဲဝင်အလှမယ်လေးများအား ထူးချွန်ဆုများကို လည်းကောင်း၊ အကဲဖြတ်ဒိုင်များအား လက်ဆောင်ပစ္စည်းများကိုလည်းကောင်း အသီးသီး ပေးအပ်ခဲ့ပြီး ထူးချွန်ဆုရရှိကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြ သည်။

သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/သူလေးများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အားကစားနည်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာစေရန်၊ ကာယစွမ်းရည် ထက်သန်လာစေရန်နှင့် အားကစား၊ ကျန်းမာရေး၊ ပညာရေးနှင့် စိတ်ဓာတ်ရေးရာများ ဖွံ့ဖြိုးလာစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် အဆိုပါ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကာယအလှမယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)