(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ကန်ကျေးရွာတွင် VDP ဖြင့် ဆောင်ရွက်သည့် အိမ်တိုင်ရာရောက်ရေမီတာစနစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ကျောက်ပန်းတောင်း   ဖေဖော်ဝါရီ  ၇

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်ကျေးရွာအုပ်စု၊ ညောင်ကန်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့် ဆောင်ရွက်ခဲ့သည့် အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ (၇) ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာရှိ ရေစင်တည်ရှိရာ မုခ်ဦးနေရာတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက အိမ်တိုင်ရာရောက် ရေမီတာစနစ် ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ကျေးရွာရေကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အထိမ်းအမှတ်အလံများကို မြို့နယ်ဦးစီးမှူး၊ ဦးစီးအရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့က တက်ရောက်လာသည့် ဌာနအကြီးအကဲများထံ ပေးအပ်ကြသည်။ ယင်းနောက် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်း၊ ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးအောင်တို့က အိမ်တိုင်ရာရောက် ရေမီတာစနစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ကျေးရွာပြည်သူများ ရေစင်မှရေမီတာစနစ်ဖြင့် အိမ်တိုင်ရာရောက် ရေသွယ်ယူ၍  သောက်သုံးရေကို လွယ်ကူအဆင်ပြေစွာ ရယူသုံးစွဲနေမှု အခြေအနေများအား လိုက်လံကြည့်ရှုအားပေးကြသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ဆောင်ရွက်ရန် ကျေးရွာ(၁၃)ရွာ ခွင့်ပြုချက်ရရှိခဲ့ပြီး အဆိုပါကျေးရွာများအနက် ညောင်ကန်ကျေးရွာတွင် အိမ်တိုင်ရာရောက်ရေမီတာ တပ်ဆင်ခြင်းစနစ်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ (၁၅.၀၀) သန်း၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေ(၉.၉၇)သန်းတို့ဖြင့် (၁၀ ပေ× ၁၀ ပေ× ၂၄ ပေ) ရေစင်တည်ဆောက်ခြင်း၊ ၃ လက်မ PVC ပိုက် ၂၀၀၀ ပေ၊ ၂ လက်မ PVC ပိုက် ၃၇၅၀ ပေ ပိုက်လိုင်းသွယ်တန်းခြင်းများကို (၈-၉-၂၀၂၃) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး (၁၅-၁၁-၂၀၂၃)ရက်နေ့တွင် လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်းပြီးစီးခဲ့သဖြင့် ကျေးရွာနေ အိမ်ခြေ (၁၈၁) အိမ်မှ လူဦးရေ (၅၆၀) ဦးတို့မှာ သန့်ရှင်းသော သောက်သုံးရေကို အလွယ်တကူရယူသုံးစွဲနေနိုင်ကြပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေမီတာစနစ်ဖွင့်ပွဲအခမ်းအနားသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်၊ မြို့နယ်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျေးရွာရေကော်မတီဝင်များနှင့် ကျေးရွာပြည်သူများ စုစုပေါင်း (၂၆၀) တက်ရောက်ခဲ့ကြကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)