သာကေတမြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

 

သာကေတ ဇန်နဝါရီ ၇

၂၀၂၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမ ဒေါ်သန်းသန်းနွယ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူ ကအထိမ်းအမှတ်နေ့များ အမှတ်ရစေရန်နှင့် ကျောင်းသားလူငယ်များ လူတော် လူကောင်းများ ပေါ်ပေါက်စေရန် ကျင်းပရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်၊ မြို့နယ် Book Club (ဥက္ကဋ္ဌ) ဒေါက်တာသန်းထိုက်၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်၊ မြို့နယ် Youth Club (နာယက) ဒေါက်တာအောင်ကိုဦးတို့က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအဆင့်၊ “ပြည်ထောင်စု”၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ပြည်ထောင်စုစိတ် ဓါတ်ရှင်သန်ထက်မြက်ရေး အကျိုးတရားအကြောင်းတရား ဆက်စပ်ပုံများကို ဟောပြောခဲ့ကြပြီးအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို လေ့လာကြည့်ရှု့ခဲ့ကြသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကို ဦးစီးဌာန (ရုံးချုပ်) မှ အခမဲ့ထုတ်ဝေသည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)