ဗိုလ်တထောင် ဖေဖော်ဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ဆယ်ကျော်သက်နှင့် လူငယ်ကျန်းမာရေး စောင့်ရှောက်မှုမြို့နယ်အဆင့် ကျောင်းကျန်းမာရေး ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် (၁၀း၀ဝ) နာရီခွဲအချိန်က အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း အောင်ကျော်ခန်းမ၌ ဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါဆင့်ပွားသင်တန်းသို့ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ အခြေခံကျောင်း (၁၂)ကျောင်းမှ ကျောင်းကျန်းမာရေးတာဝန်ခံ ဆရာ/ဆရာမ သင်တန်းသား/သူ (၂၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁)ရက်ဖြစ်ကြောင်းနှင့် သင်တန်းနည်းပြများမှာ ဗိုလ်တထောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဟေမာဇော်၊ (မိခင်ကလေး/ကျောင်းကျန်းမာရေး/ အာဟာရ)မှ ဦးစီးအရာရှိ ဆရာဦးဟိန်းထက်အောင်နှင့် ကျန်းမာရေးမှူး (၂) ဒေါ်စိုးစိုးနိုင်တို့က သင်ကြားပို့ချသွားမည်ဖြစ်သည်။
သင်ခန်းစာများဆက်လက်ပို့ချရာ ဒေါက်တာဟေမာဇော်က ကျောင်းကျန်းမာရေး လုပ်ငန်းရည်ရွယ်ချက်၊ ကျောင်းကျန်းမာရေးဝန်ထမ်းများ၏ ကျောင်းကျန်းမာရေးတာဝန်များ၊ ပညာရေးဝန်ထမ်းများ၏ ကျောင်းကျန်းမာရေးတာဝန်နှင့် ဝတ္တရားများ၊ ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း၊ ကျောင်းကျန်းမာရေး လုပ်ငန်းများကို ဆန်းစစ်ကြီးကြပ်ခြင်းတို့ကို လည်းကောင်း၊ ဆရာဦးဟိန်းထက်အောင်က ကျောင်းကျန်းမာရေးလုပ်ငန်းများ (၉)ချက်အကြောင်းကို လည်းကောင်း၊ ကျန်းမာရေးမှူး (၂)ဒေါ်စိုးစိုးနိုင် က ကျန်းမာရေးအဆင့်မြှင့် ကျောင်းထူထောင်ရေးဆိုင်ရာ အခြားလုပ်ငန်းများနှင့် ကျောင်းကျန်းမာရေး သတင်းပတ်လှုပ်ရှားမှုတို့ကို သင်ကြားပို့ချခဲ့ကြကြောင်း သိရသည်။
ခင်ဝင်း