(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

 ရန်ကုန်  ဖေဖော်၀ါရီ  ၇

၂၀၂၄ ခုနှစ်၊ ဖေဖော်၀ါရီလ ၁၂ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်ဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် တရားရုံးအဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇နာရီခွဲတွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်း ပဒံကျေးရွာ၊ ရန်ကုန်-ပုသိမ်ကားလမ်း၊ စုပေါင်းရုံး အဆောက်အအုံအမှတ် (၂)ရှိရုံးနေရာ၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး၀န်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာ၀န်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်းနှင့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်တို့က လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တရားရုံး အဆောက်အဦသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။         

ဆက်လက်၍ ၀န်ကြီးချုပ်၊ တိုင်းမှူးနှင့် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်တို့သည် မြို့နယ်တရားရုံးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြပြီး အမွှေးနံသာရည်များဖြင့် ပက်ဖျန်းပေးကြကာ အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် အခမ်းအနားဒုတိယပိုင်းကို အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ စွမ်းဆုကြွယ်ကုမ္ပဏီလီမိတက်မှ တာ၀န်ရှိသူတစ်ဦးက အဆောက်အဦနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အဆောက်အဦနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခြင်း၊ အထိမ်းအမှတ်ဖန်သားတံဆိပ်တုံး၊ အထိမ်းအမှတ်အလံငယ်များ ပေးအပ်ခြင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် တရားရုံး၊ မြို့နယ်တရားသူကြီး ဒေါ်ချမ်းမြမွန်က ကျေးဇူးတင်စကားပြောကြားခြင်းတို့ကို အစီအစဥ်အတိုင်း ဆောင်ရွက်ကြပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

အောင်မြင့်(ပြန်/ဆက်)