သထုံ ဖေဖော်ဝါရီ ၇
မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့ကို ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ အမက(လွန်)ဝါးတောကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်စံပယ်က အမှာစကားပြောကြားပြီး သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်နု က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စု၏အဓိပ္ပါယ်၊ မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်ခြင်း စသည်တို့ကို အသိပညာပေး ဆွေးနွေးဟောပြောသည်။
ထို့နောက် ကျောင်းသူကျောင်းသားတို့အား ပုံပြင်ပြော၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲတို့ကို ပြုလုပ်ပေးရာ အမက(လွန်)ဝါးတောကျောင်းမှ ကျောင်းသူကျောင်းသားတို့က တပျော်တပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရရှိသူတို့အား ဆုချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ၊ ဓာတ်ပုံ မှတ်တမ်းများတို့ကို ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသူ/ ကျောင်းသားများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)