ဘီးလင်းမြို့နယ်၌ ကျောင်းအခြေပြုဆုံစို့-မေးခိုင် ကာကွယ်ဆေးထိုးနှံ

ဘီးလင်း ဖေဖော်ဝါရီ ၇

မွန်ပြည်နယ်၊ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျောင်းအခြေပြု ဆုံစို့ - မေးခိုင် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှ စတင်ကာ ဘီးလင်း (အ.ထ.က)​ ကျောင်း ပညာ့အားမာန်ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိခင်နှင့်ကလေးကျန်းမာရေး ဆရာမဒေါ်ခင်ခင်မြင့်နှင့် ကျန်းမာရေးဝန်းထမ်းများက ပထမနေ့အဖြစ် ဘီးလင်းမြို့နယ် အုပ်စု ၁ အတွင်း ပါဝင်သော အခြေခံပညာကျောင်း ၇ ကျောင်းမှ (KG) တန်း ကျောင်းသား၊ ကျောင်းသူ ၂၅၄ ဦးတို့အား ဆုံစို့-မေးခိုင်ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။

ဘီးလင်းမြို့နယ်တွင် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံမည့် ကျောင်း ၁၅ ကျောင်းမှ (K G) တန်းကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၇၅) ဦးရှိပြီး ကျန်ရှိနေသေးသော​ ကျောင်း ၈ ကျောင်းမှ (KG) တန်း ကျောင်းသား၊ ကျောင်းသူ (၁၂၁) ဦးတို့အား ဆုံစို့-မေးခိုင် ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)