မော်လမြိုင် ဖေဖော်ဝါရီ ၇
မွန်ပြည်နယ်ရော်ဘာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း (MonRPPA)တို့ တွေ့ဆုံပွဲအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွန်ပြည်နယ်ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ရော်ဘာစိုက်ပျိုးထုတ်လုပ်သည့် ပုဂ္ဂလိက လုပ်ငန်းငယ်များသည် ရော်ဘာထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများတွင် ပါဝင်နေ၍ရော်ဘာစိုက်ပျိုးရေးတွင် ခြံငယ်များသည် အဓိကကျသည့်နေရာမှပါဝင်နေပြီး ယင်းခြံငယ်များမှ ဈေးကွက်မီရော်ဘာ အရည်အသွေးကောင်း ရော်ဘာထုတ်လုပ်ရန် ကျော်လွှားရမည့် အခက်အခဲများရှိနေကြောင်း၊မြန်မာနိုင်ငံ၏ ရော်ဘာစိုက်ပျိုးဧရိယာများအနက် မွန်ပြည်နယ်သည် စိုက်ဧရိယာအများဆုံး ဒေသတစ်ခုဖြစ်ပြီး (၂ဝ၂၂- ၂၀၂၃) ခုနှစ်တွင် စိုက်ဧကပေါင်း (၅၀၄,၉၈၈)ဧက စိုက်ပျိုးထားရှိပြီးဖြစ်လို့ တစ်နိုင်ငံလုံး စိုက်ဧရိယာ၏ (၃၀.၈၉%) ရှိတာကို တွေ့ရှိရကြောင်း၊ မွန်ပြည်နယ်၏ GDP တိုးတက်မှုတွင် ရော်ဘာအခန်းကဏ္ဍသည် အဓိကပါဝင်နေတာကြောင့် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ရေးအတွက် ဌာနဆိုင်ရာများနှင့်အတူ မွန်ပြည်နယ်၏ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း (MonRPPA) ၏ မိတ်ဘက်အဖွဲ့အစည်းများဖြစ်ေသာ Care Myanmar ရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ INGO၊ NGO နှင့် ပုဂ္ဂလိကခြံရှင်များ၊ ရော်ဘာတန်ဘိုးကွင်းဆက်တစ်လျှောက် ပါဝင်ပတ်သက်သူအားလုံးမှ ပူးပေါင်း၍ အောင်မြင်အောင်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်း ရော်ဘာသစ်ခွဲသားစက်ရုံ (၁၂)ရုံနှင့် ရော်ဘာသစ်ပါးလွှာစက်ရုံ(၁၁)ရုံ တည်ရှိပြီးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ရော်ဘာအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရော်ဘာစိုက်ပျိုးသူတောင်သူ စုစုပေါင်း (၄၂၅) ဦး၊ အတွက် စုစုပေါင်း ချေးငွေကျပ် (၅၁၆,၄၀၀,၀၀၀) ၂၀၂၃- ၂၀၂၄ ခုနှစ်တွင် အဆင့်မြင့် ရော်ဘာပြားထုတ်လုပ်သည့် ရော်ဘာမှိုင်းရုံ လုပ်ငန်းရှင်(၅)ဦးအတွက် ကျပ်သန်း(၅၀၀) နှင့် ဆက်လက်၍လည်း လုပ်ငန်းရှင်များအား ထုတ်ချေးပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မွန်ပြည်နယ်ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း (MonRPPA) ၏ လိုအပ်ချက်များ၊အကြံဉာဏ်များကို ယခုအစည်းအဝေးသို့ တက်ရောက်လာကြ သူများမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီး နိုင်လယိတမတို့က ဒေသထွက်ကုန် ရော်ဘာအား တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြပြီး ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူလုပ်ငန်းရှင်များက သွင်းအားစုများဖြစ်သောဓါတ်မြေဩဇာ၊Fromic Acid၊အမိုးနီးယားများအား ဈေးနှုန်းသက်သာစွာဝယ် ယူသယ်ေဆာင်ခွင့်ရရှိနိုင်ရေး၊ ရော်ဘာအရည်အသွေးတိုးတက် ကောင်းမွန်ရေး၊ တန်ဖိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေး ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)