သာစည်မြို့နယ် မီးသတ်ဦးစီးဌာန မီးဘေးကြိုတင်ကာကွယ်ရေး မီးသတ်ရေလှောင်ကန်များ ကွင်းဆင်းစစ်ဆေး

သာစည် ဖေဖော်ဝါရီ  ၇

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၆ ရက်နေ့ မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ မီးသတ်အုတ်ရေလှောင်ကန်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ဒုမီးသတ်ဦးစီးမှူး ဦးစည်သူအောင်နှင့် တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိ မီးသတ်အုတ်ရေလှောင်ကန်များ၏ အရွယ်အစားများနှင့် ရေသိုလှောင်နိုင်မှု ပမာဏတို့ကို တိုင်းတာမှတ်တမ်းတင် ခြင်းများ၊ရေလိုအပ်သည့်အုတ်ရေကန်များကို ရေဖြည့်တင်းနိုင်ရန် စစ်ဆေးခြင်းများနှင့် သဘာဝရေကန်များမှ ရေရရှိနိုင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သာစည်မြို့ပေါ်ရပ်ကွက်များ၌ မီးသတ်အုတ်ရေလှောင်ကန်ဂါလံ ၈၀၀၀ ဆံ့တစ်ကန်၊ ဂါလံ ၆၀၀၀ ဆံ့တစ်ကန်၊ ဂါလံ ၅၀၀၀ ဆံ့တစ်ကန်၊ ဂါလံ ၄၆၀၀ ဆံ့တစ်ကန်၊ ဂါလံ ၄၂၀၀ ဆံ့တစ်ကန်၊ ဂါလံ ၃၅၀၀ ဆံ့တစ်ကန်နှင့် ဂါလံ ၁၅၀၀ ဆံ့သုံးကန်တို့ရှိကြောင်း သိရသည်။

သာစည်မြို့နယ် မီးသတ်ဦးစီးဌာနသည် မီးဘေးကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး တပ်ဖွဲ့ဝင်များ စွမ်းရည်ပိုမိုမြင့်မားရေး နေ့စဉ်လေ့ကျင့်ပေးလျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)