ချမ်းအေးသာစံ ဖေဖော်ဝါရီ ၇
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီ (၂၀)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ (၅)ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး (၂)ထပ်ဆောင် အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကြိမ် (၂၀)မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမံ ပြပွဲ၊ ပြိုင်ပွဲဖွင့်ပွဲအား မန္တလေးကျုံးနှင့် နန်းမြို့ရိုးကြား၊ ရတနာပုံဥယျာဉ်အတွင်း ၁၂ လမ်းနှင့် လမ်း ၈၀ ကြားနေရာ၌ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ယခင်ကျင်းပပြီးသည့် အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် လုပ်ငန်းများဆောင်ရွက်ကြရာတွင် သတ်မှတ်ကာလအတွင်းပြီးစီးရေးနှင့် စနစ်တကျ ဖြစ်စေရေးဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် ဆပ်ကော်မတီအလိုက် လုပ်ငန်းများပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များနှင့် ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ထွန်းထွန်းနိုင်