ချမ်းအေးသာစံ ဖေဖော်ဝါရီ ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအား ထပ်ဆင့်ရှင်းလင်း မှာကြားခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး (၃)ထပ်ဆောင်အစည်းအဝေးခန်းမတွင်ကျင်းပရာမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များနှင့် ပတ်သက်၍ ပြည့်ဝစွာအကောင်အထည်ဖော် ဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်(၁၁)ခုမှ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများတွေ့ဆုံ၍ ထပ်ဆင့်ရှင်းလင်းမှာကြားရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့်ကာလများတွင် စိတ်ဓာတ်အသစ်၊ ခွန်အားအသစ်တို့ဖြင့် ရည်မှန်းချက်များနှင့် ဦးတည်ချက်များကို မူဝါဒများနှင့်အညီ အောင်မြင်အောင် ထဲထဲဝင်ဝင် ဆောင်ရွက်ရန်၊ နိုင်ငံ၏ စီးပွားရေးအားကောင်းမွန်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အထူးအလေးထားဆောင်ရွက်ရန်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဘဏ္ဍာငွေများသုံးစွဲရာ၌ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများအတိုင်း ထိရောက်စွာသုံးစွဲရန်နှင့် လုပ်ငန်းများကြန့်ကြာမှု မရှိစေရေး အချင်းချင်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားရန် စသည်ဖြင့် ပြောကြားခဲ့သည်။
၎င်းနောက်တိုင်းဒေသကြီးဝန်ကြီးများက ကဏ္ဍများအလိုက် ပြီးခဲ့သည့်ကာလများအတွင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးခဲ့မှု၊ စိစစ်တွေ့ရှိချက်၊ သုံးသပ်ချက်များအပေါ် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၁)ခုမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ပြီးခဲ့သည့် ကာလများအတွင်း ကဏ္ဍများအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့မှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ထွန်းထွန်းနိုင်