မိုင်းယုမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော

မိုင်းယု ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဟောပြောပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက ဘေးအန္တရာယ်ကျရောက်စေသော ကလေးအလုပ်သမားများအကြောင်းကိုလည်းကောင်း၊ နယ်မြေခံစခန်းမှူး ရဲအုပ် နိုင်နိုင်ဝင်းက ကလေးအလုပ်သမားနှင့် ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းကိုလည်းကောင်း ဟောပြောခဲ့သည်။

ယင်းနောက် မြို့လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့ဦးစီးမှူး ဦးအောင်ပြည်စိုးက ကလေးအလုပ်သမား၏ အဓိပ္ပါယ်နှင့် ကလေးအလုပ်သမားသည် တရားမဝင်ပါကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက ဦးအားချာက ကလေးအလုပ်သမားပပျောက်ရေး မိဘနှင့်ပြည်သူများ ပူးပေါင်းပါဝင်ရေးနှင့် ပြည်ထောင်စုနေ့အကြောင်းတို့ကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များအား တက်ရောက်လာကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူတို့အား ဖြန့်ဝေပေးကာ အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်