မိုင်းယုမြို့၌ (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

မိုင်းယု ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုး၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာအားဖတ်ကြားခဲ့ပြီး မိုင်းယုနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်နိုင်နိုင်ဝင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ထံမှ ပေးပို့သော (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာအား ဖတ်ကြားခဲ့ကြသည်။

အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်းနှင့် မိုင်းယုမြို့၌ ယနေ့တွင်ကျရောက်သည့် (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်ကို ကြိုဆိုကြသည့်အနေဖြင့် ဒေသခံရှမ်းတိုင်းရင်းသားတို့၏ နေအိမ်များရှေ့၌ ရှမ်းပြည်နယ်ကိုယ်စားပြုအလံများအား အသိအမှတ်ပြုလွှင့်ထူကာ ကြိုဆိုမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်